အီလက်ထရွန်နစ် ပစ္စည်းနဲ့ရေဟာ ရောစပ်ဖို့မသင့်တဲ့ အရာတွေပါ။ ဒါပေမဲ့ စမတ်ဖုန်းတွေအတွက်တော့ ဒါဟာ ပြဿနာတစ်ရပ် မဟုတ်တော့ပါဘူး။ စမတ်ဖုန်းတွေကို ရေစိုခံတဲ့ coating နဲ့ဖုံးအုပ်ထားတာကြောင့် မိုးရေစိုခြင်း၊ ချွေးစိုခြင်း၊ ရေစဉ်ခြင်း၊ ရေအိုင်ထဲ ပြုတ်ကျခြင်း စတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ရေစိုခံနိုင်တဲ့ အတန်းအစားကိုလည်း International Electrotechincal Commission (IEC) က အဆင့်သတ်မှတ်ပေးပါတယ်။
ရေစိုခံနိုင်တဲ့အဆင့်က IP67 နဲ့ IP68 ဖြစ်ပါတယ်။ IP67 အဆင့်ရှိတဲ့ စမတ်ဖုန်းတွေဟာ ဖုန်ဒဏ်ကို အပြည့်အဝကာကွယ်ပေးနိုင်ပြီး ရေအောက်အနက် ၃.၃ ပေမှာ မိနစ် ၃၀ အကြာ အသုံးပြုနိုင်ပါတယ်။ IP68 ပါဝင်တဲ့ ဖုန်းတွေကိုတော့ ရေအောက်အနက် ၅ ပေမှာ မိနစ် ၃၀ အထိ အသုံးပြုနိုင်ပါတယ်။
ဖုန်းထုတ်လုပ်သူအများစုကတော့ သူတို့ရဲ့ထုတ်ကုန်တွေမှာ water-resistant နဲ့ waterproof ဆိုပြီး သုံးနှုန်းပါတယ်။ Water-resistant ကတော့ စမတ်ဖုန်းတွေက ရေ၊ မိုး၊ ချွေး အနည်းငယ်စဉ်တာကို ခံနိုင်ရည်ရှိတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ Waterproof ဆိုတာကတော့ ဖုန်းကို ရေအောက်မှာ အသုံးပြုနိုင်တာ၊ ရေစိမ်ခံနိုင်တာကို ဆိုလိုပါတယ်။ ဒါကြောင့် ရေကန်ထဲ ဒါမှမဟုတ် ရေအိမ်ထဲ မတော်တဆပြုတ်ကျတဲ့အခါမျိုးမှာ ဘာပြဿနာမှ ဖြစ်ပေါ်စေမှာမဟုတ်ပါဘူး။
အရေးကြီးတဲ့အချက်ကတော့ waterproof နဲ့ water-resistant စမတ်ဖုန်းတွေက ပင်လယ်ရေနဲ့ ထိတွေ့လို့မရပါဘူး။ ဒါ့အပြင် ချွေးထုတ်ခန်းနဲ့ ရေနွေးကန်တွေလို အပူချိန်မြင့်မားတဲ့ နေရာတွေမှာလည်း အသုံးမပြုသင့်ပါဘူး။ နောက်ပြီး ရေအောက်မှာ အသုံးပြုတဲ့အခါမှာလည်း ခလုတ်တွေနှိပ်တာကို ရှောင်ကြဉ်သင့်ပါတယ်။ ရေအောက်မှာ အသုံးပြုရင်း ခလုတ်တွေကိုနှိပ်တဲ့အခါ casing ထဲကို ရေတွေဝင်လာနိုင်ပါတယ်။ အားမသွင်းခင်မှာလည်း စမတ်ဖုန်းကို လုံးဝခြောက်သွေ့တဲ့အထိ စောင့်ဆိုင်းသင့်ပါတယ်။
Samsung Galaxy S8 and Galaxy S8+
Samsung Galaxy S8: from $575
Samsung Galaxy S8+: from $675

Samsung ရဲ့ ၅.၈ လက်မ Galaxy S8 နဲ့ ၆.၂ လက်မ Galaxy S8+ မှာ QHD+ AMOLED display နဲ့အတူ သတ္တု၊ ဖန်ထည်တို့နဲ့ပြုလုပ်ထားတဲ့ waterproof ကိုယ်ထည်ပါဝင်ပါတယ်။ စွမ်းဆောင်ရည်မြင့် ပရိုဆက်ဆာတစ်ခု ပါဝင်သလို ကင်မရာအရည်အသွေးကောင်းမွန်ပြီး ကြိုးမဲ့အားသွင်းစနစ်ကို ထောက်ပံ့ပေးထားပါတယ်။ ဒါ့အပြင် စမတ်ဖုန်းနှစ်မျိုးစလုံးကို Samsung ရဲ့ နောက်ဆုံးပေါ် Gear VR headset နဲ့ တွဲဖက်အသုံးပြုနိုင်ပါတယ်။
Apple iPhone 7 and iPhone 7 Plus
Apple iPhone 7: from $649
Apple iPhone 7 Plus: from $769

iPhone 7 မှာ စွမ်းဆောင်ရည်မြင့်မားတဲ့ hardware တွေ၊ ထူးခြားကောင်းမွန်တဲ့ ကင်မရာတွေနဲ့ စတီရီယိုစပီကာတွေ ပါဝင်လာပါတယ်။ ဒါတွေအားလုံးကို waterproof ကိုယ်ထည်မှာ ထည့်သွင်းထားပါတယ်။ Power user တွေကတော့ စွမ်းဆောင်ရည်ပိုကောင်းတဲ့ ကင်မရာနဲ့ ဘက်ထရီသက်တမ်းပိုကောင်းတဲ့ Plus မော်ဒယ်ကို စဉ်းစားသင့်ပါတယ်။ မော်ဒယ်နှစ်မျိုးစလုံးမှာတော့ နားကြပ်ပေါက် မပါဝင်ပါဘူး။
LG G6
from $476

LG ရဲ့ flagship G6 စမတ်ဖုန်းမှာ ထူးကဲကောင်းမွန်တဲ့ ၅.၇ လက်မ QHD+ display ပါဝင်ပါတယ်။ ရေစိုဒဏ်နဲ့ ဖုန်ဒဏ်ခံနိုင်တဲ့အဆင့်က IPX7 ဖြစ်တာကြောင့် ရေအောက် ၃ ပေအနက်မှာ မိနစ် ၃၀ ကြာ အသုံးပြုနိုင်ပါတယ်။ အခြား feature တွေအနေနဲ့ စွမ်းဆောင်ရည်မြင့်တဲ့ ပရိုဆက်ဆာ၊ ဆန်းသစ်တဲ့ dual-camera setup၊ ကြိုးမဲ့အားသွင်းစနစ်နဲ့ သိုလှောင်မှုပမာဏတိုးမြှင့်နိုင်တဲ့ memory တို့ပါဝင်ပါတယ်။
HTC U11
$649

HTC ရဲ့ နောက်ဆုံးပေါ်စမတ်ဖုန်း U11 မှာ တမူထူးခြားတဲ့ ဒီဇိုင်းနဲ့အတူ ချောမွေ့တောက်ပြောင်တဲ့ သတ္တုကိုယ်ထည်နဲ့ ဖန်တီးထားပါတယ်။ IP67 အဆင့်ရေစိုခံနိုင်တာကြောင့် ရေအောက်အနက် ၃ ပေမှာ နာရီဝက်အကြာ အသုံးပြုနိုင်ပါတယ်။ စမတ်ဖုန်းရဲ့ ၅.၅ လက်မ quad-HD LCD display ဟာ ကြည်လင်တောက်ပပေမယ့် Galaxy S8 ရဲ့ Infinity display လောက် အံ့အားသင့်ဖွယ်မကောင်းပါဘူး။ U11 မှာ အသုံးပြုထားတဲ့ chipset က S8 နဲ့တူညီပေမယ့် နားကြပ်ပေါက်ပါဝင်လာခြင်း မရှိပါဘူး။ အခြားစမတ်ဖုန်းတွေနဲ့မတူတဲ့ feature ကတော့ ဖုန်းရဲ့ဘေးဘောင်ကို ညှစ်ပြီး app တွေကို အလျင်အမြန်ဖွင့်နိုင်တဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။ ဒါ့အပြင် U11 မှာ Amazon ရဲ့ Alexa voice assistant ပါဝင်လာပါတယ်။
Samsung Galaxy S7 and Samsung Galaxy S7 edge
Samsung Galaxy S7: from $470
Samsung Galaxy S7 edge: from $570

အခုအခါ Samsung Galaxy S8 နဲ့ S8+ တို့ထွက်ရှိလာပေမယ့်လည်း Galaxy S7 နဲ့ Galaxy S7 edge တို့ကို စွဲမက်ဖွယ်ရာဈေးနှုန်းတွေနဲ့အတူ ထိပ်တန်း စမတ်ဖုန်းအတွေ့အကြုံကို ရရှိနိုင်ပါတယ်။ ဒီစမတ်ဖုန်းနှစ်မျိုးစလုံးကို အလွန်လှပတဲ့ waterproof ကိုယ်ထည်တွေနဲ့ ဖန်တီးတည်ဆောက်ထားပြီး ပြိုင်ဘက်တွေနဲ့ယှဉ်ပြိုင်နိုင်တဲ့ ကင်မရာတွေနဲ့ ကြည်လင်ပြတ်သားတဲ့ screen တွေနဲ့ အသုံးပြုနိုင်ပါတယ်။
Samsung Galaxy S8 Active
$850

Galaxy S7 Active နေရာဆက်ခံမယ့် ဒီစမတ်ဖုန်းမှာ အကြမ်းခံနိုင်တဲ့ဒီဇိုင်းနဲ့အတူ စစ်တပ်သုံးအဆင့် ကွဲရှဒဏ်ခံနိုင်တဲ့ screen ပါဝင်ပါတယ်။ Galaxy S8 နဲ့ S8+ တို့လိုပဲ ရေစိုဒဏ်ခံနိုင်ပါတယ်။ ဖုန်းရဲ့ polycarbonate ကျောဘက်ကိုယ်ထည်က S8 နဲ့ S8+ တို့လို ပြုတ်ကျတဲ့အခါ အက်ကွဲတာမျိုး မဖြစ်ပေါ်နိုင်ပါဘူး။ Galaxy S8 မှာ 3,000mAh ဘက်ထရီသာပါဝင်ပေမယ့် Galaxy S8 Active ကိုတော့ 4,000mAh ဘက်ထရီနဲ့ ရရှိနိုင်ပါတယ်။
Samsung Galaxy S7 Active
from $695

Samsung Galaxy S7 Active ရဲ့ စွမ်းဆောင်ရည်ဟာ Galaxy S7 နဲ့ တူညီပါတယ်။ ဒါပေမဲ့ ပိုမိုအကြမ်းခံနိုင်တဲ့ ကိုယ်ထည်နဲ့ အရွယ်ပိုကြီးတဲ့ ဘက်ထရီတို့ပါဝင်လာပြီး ဖုန်ဒဏ်၊ ရေစိုဒဏ်နဲ့ ပြုတ်ကျဒဏ်ကို ခံနိုင်ပါတယ်။
Moto G Plus (4th Generation)
$200

တစ်နှစ်ကျော်ကြာ သက်တမ်းကြာမြင့်နေပြီဖြစ်ပေမယ့်လည်း ထူးကဲကောင်းမွန်တဲ့ စွမ်းဆောင်ရည်ထောက်ပံ့ပေးနိုင်တဲ့ Moto 6 Plus ကို ဆွဲဆောင်မှုရှိတဲ့ ဈေးနဲ့ ရရှိနိုင်ပါတယ်။ ဒီစမတ်ဖုန်းမှာ ၅.၅ လက်မ IPS display အပြင် အလွန်လျင်မြန်တဲ့ ပရိုဆက်ဆာ၊ ကောင်းမွန်တဲ့ ကင်မရာတွေနဲ့ သိုလှောင်မှုပမာဏတိုးမြှင့်နိုင်တဲ့ memory တို့ပါဝင်ပါတယ်။ Water-resistant ဖုန်းဖြစ်တာကြောင့် ရေဖိတ်စဉ်တာနဲ့ မိုးနည်းနည်းစိုတာမျိုးကို ခံနိုင်ရည်ရှိပါတယ်။ ရေအောက်ထဲမှာတော့ သုံးလို့မရပါဘူး။
Alcatel OneTouch Go Play
$85

ဈေးသက်သာတဲ့ ရေစိုခံဖုန်းဆိုရင်တော့ Alcatel OneTouch Go Play က အကောင်းဆုံးရွေးချယ်စရာတစ်ခု ဖြစ်ပါတယ်။ Flagship စမတ်ဖုန်းတွေလောက် စွမ်းဆောင်ရည်မြင့်မားပြီး featuer အစုံအလင် ပါဝင်မှု မရှိပေမယ့်လည်း quad-core ပရိုဆက်ဆာ၊ အကြမ်းခံတဲ့ ၅ လက်မ HD display နဲ့ ရေအောက်မှာသုံးနိုင်တဲ့ 8 MP ကင်မရာတို့ပါဝင်ပါတယ်။ ရေစိုခံအဆင့်က IP67 ဖြစ်ပါတယ်။
Sony Xperia XZ Premium
$800

Sony Xperia XZ Premium မှာ ၅.၅ လက်မ 4K display နဲ့ HDR အထောက်အပံ့ပါဝင်ပြီး Qualcomm ရဲ့ Snapdragon 835 chip နဲ့ အဆင့်မြင့် 19MP ကင်မရာတို့နဲ့ အသုံးပြုနိုင်ပါတယ်။ ရေစိုခံအဆင့်က IP68 ဖြစ်ပြီး ရေအနက် ၅ ပေမှာ မိနစ် ၃၀ ခန့်အသုံးပြုနိုင်ပါတယ်။ Onboard memory က 64GB ဖြစ်ပေမယ့်လည်း MicroSD card ကနေတစ်ဆင့် တိုးမြှင့်အသုံးပြုနိုင်ပါတယ်။
Sony Xperia XZs
from $576

Waterproof Sony Xperia XZs ဟာ slow-motion ဗီဒီယိုကို 960fps နဲ့ ရိုက်ကူးနိုင်ကာ ၅.၂ လက်မ display နဲ့ Qualcomm Snapdragon 820 processor ပါဝင်ပါတယ်။ IP68 ရေစိုခံအဆင့်ရှိတာကြောင့် ရေအနက် ၅ ပေမှာ နာရီဝက်အကြာ အသုံးပြုနိုင်ပါတယ်။
-နောင်နောင်

Create - Internetjournal

Post a Comment

 
Top