No automatic alt text available.
Facebook ပေါ်မှာ Zuckerberg စာဖတ်နေတဲ့ ဓာတ်ပုံလေးတစ်ပုံ ကြောင့် ဂယက်ထသွားဖူးပါတယ်။ ကျွန်တော်တို့ တစ်နေကုန်တစ်နေကမ်း Facebook သုံးနေတဲ့အချိန်မှာ သူကတော့ စာဖတ်နေသတဲ့လေ။ ဒါပေမယ့် Zuckerberg က သူဖတ် ထားတဲ့ စာအုပ်တွေအကြောင်း လူငယ်တွေကိုပြန်ပြီး မျှဝေပေးတတ်သူတစ်ယောက်ပါ။ အခုပြောပြမယ့် သိပ္ပံနဲ့နည်းပညာစာအုပ် (၆) အုပ်ကလည်း သူညွှန်းထားပေးတာဖြစ်ပြီး လူတိုင်းမဖြစ်မနေဖတ်သင့်တဲ့ စာအုပ်ကောင်းတွေပါ။

(၁) 'Sapiens' by Yuval Noah Harari

ကျွန်တော်တို့ဟာ ကမ္ဘာပေါ်ရှိတဲ့ လူသားမျိုးနွယ်စုတစ်စုပါ။ ဒါပေမယ့် ဟိုးလွန်းခဲ့တဲ့ နှစ် ၁၀၀,၀၀၀ တုန်းကဆိုရင် လူသားမျိုးနွယ် (၆) ခုလောက် ရှိခဲ့ပါတယ်။ ဒါပေမယ့် Homo Sapien တွေကသာ အနာဂတ်ကို တည်ဆောက်တဲ့သူတွေဖြစ် လာပါတယ်။ Zuckerberg ကတော့ “ကျွန်တော် ဒီစာအုပ်ကို ဖတ်တဲ့အချိန်မှာ လူသားတွေရဲ့ဘ၀မှာ ဘာသာရေးက ဘယ်လိုအခန်း ကဏ္ဍကနေ တစ်ဆင့်ပြီးတစ်ဆင့်ပါဝင်လာ တာကို သေချာသိလိုက်ရပါတယ်။ နောက်ပြီး လူသားမျိုးနွယ်စုကြီးရဲ့ တခြားစိတ်ဝင်စားဖွယ်အကြောင်းတရားတွေကိုလည်း နက်နက်ရှိုင်းရှိုင်း လေ့လာခွင့်ရခဲ့ပါတယ်”လို့ သူ့ရဲ့ Facebook Page မှာရေးထားပါတယ်။

(၂) 'On Immunity' by Eula Biss

ကာကွယ်ဆေးထိုးတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုကြီးအမေရိကနဲ့ ဥရောပမှာ ဖြစ်ခဲ့ဖူးပါတယ်။ ဒါကြောင့် စာရေးဆရာ Biss က ကာကွယ် ဆေးရဲ့ အကျိုးကျေးဇူး တွေကို စနစ်တကျစုံစမ်းလေ့လာပြီး ရေးခဲ့ပါ တယ်။Zuckerberg က လူထုကျန်းမာရေး နယ်ပယ်က လူတွေတော် တော်များများက သူ့ကိုကာကွယ်ဆေးနဲ့ပက်သက်လို့ သိပ္ပံ ဆိုင်ရာအစုံ အလင်သိချင်ရင် ဒီစာအုပ်ကို ဖတ်ကြည့်ဖို့ အကြံပေးတယ်လို့ ဆိုပါတယ်။

(၃) 'The Player of Games' by Iain M. Banks

Banks ရဲ့ ဒီစာအုပ်ကသိပ္ပံပညာရပ်ဆိုင်ရာ စာအုပ်တစ်အုပ်ဆိုတာထက် သိပ္ပံဝတ္ထုစာအုပ်တစ်အုပ်လို့ ပြောရမှာပါ။ ဒါပေမယ့် ဒီစာအုပ်ထဲမှာ အနာဂတ် မှာလူသားတွေ ကြယ်စင်စုတွေဆီဘယ်လိုရောက်သွားမယ်၊ ဥာဏ်ရည်မြင့် စက်ရုပ်နည်းပညာတွေ ဘယ်လိုထွန်းကားလာမယ် ဆိုတာတွေကို ခန့်မှန်းရေးသားထားပါတယ်။သိပ္ပံဝတ္ထုစာအုပ်ဆိုပေမယ့် မတူညီတဲ့ အမြင်ရှုထောင့်ကနေ ဖတ်ရှုခံစားရမယ့် စာအုပ်တစ်အုပ်လို့ Zuckerberg က သူ့ရဲ့ Facebook စာမျက်နှာကနေ ညွှန်းခဲ့ဖူးပါတယ်။

(၄) 'The Structure of Scientific Revolutions' by Thomas S. Kuhn

ဒီစာအုပ်ကိုတော့ ၁၉၆၂ ခုနှစ်က တည်းက ထုတ်ခဲ့ပါတယ်။ သိပ္ပံပညာနဲ့ ဆိုင်တဲ့ အကြောင်းအရာတွေနဲ့ သူတို့ရဲ့ မှတ် တမ်းတွေအကြောင်းပါ။ ဒီစာအုပ်ရဲ့ ရည်ရွယ်ချက်က သုတေသနလုပ်တဲ့နေရာမှာ ဘယ်လို ဖောက်တွေးသင့်တယ်၊ ပုံမှန်လုပ်ရိုး လုပ်စဉ်တွေကနေ ဘယ်လိုခုန်ပျံ ကျော်လွှားပြီး လုပ်ရမယ်ဆိုတာကို သိရှိဖို့ဖြစ်ပါတယ်။Zuckerberg ကတော့ ဒီစာအုပ်က သိပ္ပံနဲ့ နည်းပညာဟာ ဖြည်းဖြည်းနဲ့ မှန်မှန် တိုးတက်လာတာလား (ဒါမှမဟုတ်) လူသားတွေရဲ့ လိုအပ်ချက်အရ ခုန်ပျံကျော်လွှား တိုးတက်လာသလားဆိုတာကို သေချာ လေ့လာပြီး ရေးထားတဲ့ သိပ္ပံသမိုင်း စာအုပ်တစ်အုပ်လို့ ဆိုပါတယ်။

(၅) 'Genome' by Matt Ridley

Ridley ရဲ့စာအုပ်နှစ်အုပ်လုံးစလုံးက Zuckerberg ညွှန်းတဲ့ ဖတ်ရှု လေ့လာသင့် စာရင်းထဲမှာ ပါပါတယ်။ "Genome" ကတော့ သမိုင်း ကြောင်းတစ်လျှောက် အရေးပါတဲ့ရှာဖွေတွေ့ရှိမှုတွေနဲ့ လူသားတွေရဲ့ မျိုးရိုးဗီဇဆက်စပ်မှုတွေပါပါတယ်။ Zuckerberg ပြောထားတာကတော့ ဒီစာအုပ်ဟာ လူသားတွေရဲ့သမိုင်းကြောင်းကို လူမှုရေးရှုထောင့် ထက်စာရင် မျိုးရိုးဗီဇ ရှုထောင့်က ဖော်ပြထားတဲ့ စာအုပ်တစ်အုပ်ပါတဲ့။ ဒီနှစ်သူဖတ်ခဲ့တဲ့စာအုပ်တွေထဲမှာ ဒီစာအုပ်က တော်တော်ကို ပြည့်စုံပါ တယ် လို့လည်း ဆိုပါတယ်။

(၆) 'The Beginning of Infinity' by David Deutsch

ရူပဗေဒပညာရှင် Deutsch က ကမ္ဘာကြီးနဲ့ပတ်သက်လို့ မဖော်ထုတ် ရသေးတဲ့ အကြောင်းတွေ၊ ဖြေဖို့ခက်တဲ့ မေးခွန်းတွေ ရှိတယ်လို့ ယုံကြည်ထားတဲ့သူပါ။သူ့ရဲ့ဒီစာအုပ်ထဲမှာဆိုရင် လူသားတွေ အနေနဲ့ အနုပညာ၊ သိပ္ပံနဲ့ နိုင်ငံရေးနယ်ပယ် အစုံမှာ သိပ္ပံနည်းကျနည်းလမ်းတွေ ကိုသုံးပြီး အမှန်တရားကိုရှာဖွေနိုင်တယ်လို့ဆိုပါတယ်။ ဒီစာအုပ်ဟာဆိုရင် ၂၀၁၅ ခုနှစ်တုန်းက Zuckerberg ဖတ်ဖို့ အကြံပေးခဲ့တဲ့ စာအုပ်စာရင်းထဲ မှာလည်းပါဝင်ခဲ့တဲ့ စာအုပ်တစ်အုပ်ပါ။

မင်းသုခ

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

Post a Comment

 
Top