ဆိုက်ဘာလုံခြုံမှု အနည်းဆုံးနိုင်ငံတွေထဲမှာ မြန်မာပါဝင်နေတယ်လို့ သိရပါတယ်။

Microsoft Asia Pacific ကနေ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးထောက်လှမ်းမှု အစီရင်ခံစာ (Security Intelligence Report – SIR)၊ အတွဲ ၂၂ မှ တွေ့ရှိချက်တွေကို ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံဟာ ဆိုက်ဘာလုံခြုံမှု အနည်းဆုံး နိုင်ငံတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်နေကြောင်း တွေ့ရှိရတယ်လို့ ထုတ်ပြန်ပါတယ်။

အဲဒီတွေ့ရှိချက်တွေဟာ မြန်မာအဖွဲ့အစည်းအနေနဲ့ တွေ့ကြုံနေရတဲ့ ဆိုက်ဘာခြိမ်းခြောက်မှု အမျိုးအစားတွေကို နားလည်ရန်နဲ့ မိမိတို့ရဲ့ အချက်အလက် လုံခြုံမှုကို ကာကွယ်ရန်အတွက် သတိပြုမိလာစေမယ်လို့ ဆိုပါတယ်။

မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့ဟာ အာရှပစိဖိတ်ဒေသမှာ Software များမှ တိုက်ခိုက်မှုကို ခုခံနိုင်စွမ်းအနည်းဆုံး နိုင်ငံများဖြစ်ကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီမှ မတ်လအထိ ဆန်းစစ်လေ့လာရာမှာ မြန်မာနိုင်ငံမှာ Malware (ကွန်ပျူတာနှင့် ကွန်ပျူတာစနစ်များကို နှေးကွေးစေ၊ ပျက်စီးစေသည့် Software တစ်မျိုး) တွေနဲ့ ထိတွေ့မှုမှာ ပျမ်းမျှ ၂၃.၈% ရှိကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။

အဲဒီအစီရင်ခံစာအရ ၂၀၁၇ ခုနှစ် ဇန်နဝါရီမှ မတ်လအတွင်း၊ အာရှပစိဖိတ် ဒေသအတွင်းမှာ မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံများရှိ Microsoft ရဲ့ တစ်ပြိုင်နက်ဖြေရှင်းပေးနိုင်တဲ့ လုံခြုံရေးကာကွယ်မှု ထုတ်ကုန်တွေကို အသုံးပြုနေတဲ့ ကွန်ပျူတာ လေးလုံးလျှင် တစ်လုံးမှာ Malware နဲ့ တွေ့ကြုံခဲ့ကြောင်း သတင်းပို့ခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၇ ခုနှစ် ပထမလေးလပတ်အတွင်း မြန်မာနိုင်ငံမှာ Malware နဲ့ တွေ့ကြုံမှုနှုန်းမှာ ပျမ်းမျှ ၂၃.၈% ရှိကြောင်း တွေ့ရတယ်လို့ သိရပါတယ်။ အဲဒီပျမ်းမျှနှုန်းဟာ နိုင်ငံတကာမှာ တွေ့ကြုံရမှု ပျမ်းမျှနှုန်း ၉ % ထက်နှစ်ဆမက ပိုများနေခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
-ထွန်းထွန်း

Credit - Internetjournal

Post a Comment

 
Top