လက်ရှိ အသုံးပြုလျက်ရှိသော ဆင်းမ်ကတ်များသည် အနာဂတ်တွင် ကွယ်ပျောက် သွားဖွယ် ရှိနေသည်။

Apple နှင့် Samsung သည် အော်ပရေတာများအကြား အလွယ်တကူ ပြောင်းလဲနိုင်မည့် ဆင်းမ်ကတ် စံသတ်မှတ်သစ်ကို ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် မိုဘိုင်း အော်ပရေတာများနှင့် ဆွေးနွေးနေကြောင်း Financial Times မှ ဖော်ပြခဲ့သည်။

သတင်းဖော်ပြချက်အရ အဆိုပါ စံသတ်မှတ်ချက်သစ်သည် embedded SIM ခေါ် e-SIM ဖြစ်ပြီး ၎င်းသည် သုံးစွဲသူများက ကတ်အသစ်တစ်ခု မလိုအပ်ဘဲ carrier ကို ပြောင်းလဲအသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မိုဘိုင်းဖုန်း သုံးစွဲသူများသည် carrier ပြောင်းလဲရန်အတွက် ဆင်းမ်ကတ်ကို လဲလှယ်ကာ အသုံးပြုနေရသော်လည်း ၎င်းစံသတ်မှတ်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါက ဆင်းမ်ကတ်များကို ဖုန်းအတွင်း လဲလှယ်စရာမလိုဘဲ carrier ကို ပြောင်းလဲအသုံးပြုနိုင်မည် ဖြစ်သည်။

အဆိုပါ စံသတ်မှတ်ချက်သစ်ကို ၂၀၁၆ ခုနှစ်တွင် အသင့်သုံးနိုင်ရန် မျှော်လင့်ထားသော်လည်း Apple ကမူ ၎င်းကတ်အမျိုးအစားအတွက် ခြေတစ်လှမ်းအသာရနေပြီဟု ဆိုရမည်ဖြစ်သည်။ Apple သည် ပြီးခဲ့သည့်နှစ်က Apple SIM ပါဝင်သော LTE iPad များကို carrier အများအပြား ရွေးချယ်အသုံးပြုသူများ အတွက် မိတ်ဆက်ပေးခဲ့သည်။

ဆင်းမ်ကတ်သာမက ဆင်းမ်ကတ်ထည့်သွင်းသည့်အပေါက်ကိုပါ ဖယ်ရှားနိုင်ခဲ့ပါက Apple နှင့် အခြားဖုန်းကုမ္ပဏီများ အနေဖြင့် ၎င်းတို့၏ ထုတ်ကုန်များကို အနည်းငယ် ပါးလွှာအောင် ပြုလုပ်နိုင် မည် ဖြစ်သည်။

e-Sim ကို ပြောင်းလဲအသုံးပြုလိုသည့် အော်ပရေတာများတွင် AT&T, T-Mobile ကို ပိုင်ဆိုင်သော Deutsche Telecom, Vodafone, Telefonica နှင့် Orange အပြင် အခြား နိုင်ငံတကာအော်ပရေတာများ ပါဝင်ကြောင်း GSM Association က Financial Times ထံ ပြောကြားခဲ့သည်။

Ref: TheVerge
Credit to.......................... Internet Journal

Post a Comment

 
Top