ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများဖြစ်သည့် တယ်လီနော်နှင့် အူရီဒူးကုမ္ပဏီများက မြန်မာနိုင်ငံလုံးဆိုင်ရာ ဆက်သွယ်ရေးလိုင်စင် ရရှိပြီဖြစ်သဖြင့် လာမည့် ရှစ်လအတွင်း မြန်မာနိုင်ငံတွင် ပြည်ပကုမ္ပဏီများ၏ ကျပ် ၁၅ဝဝ ဝန်းကျင်ခန့် တန်ဖိုးရှိ ဆင်းမ်ကတ်များကို စိတ်ကြိုက်ဝယ်ယူ သုံးစွဲနိုင်တော့မည် ဖြစ်သည်။
တယ်လီနော်နှင့် အူရီဒူးကုမ္ပဏီက ဇန်နဝါရီ ၃ဝ ရက်တွင် နေပြည်တော်၌ ပြည်ထောင်စု အစိုးရနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆက်သွယ်ရေး လိုင်စင်ကို လက်မှတ်ထိုး လိုက်ပြီဖြစ်သည်။
လိုင်စင်ကြေးမှာ ဒေါ်လာသန်း ၅ဝဝ ဖြစ်ကြောင်း သိရသည်။
နိုင်ငံလုံးဆိုင်ရာ ဆက်သွယ်ရေး လိုင်စင်တွင် 900 MHz နှင့် 2.1 GHz ရှိ လှိုင်း များပါဝင်ပြီး ၁၅ နှစ်ကြာ လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်သည်။

Telenor Group ၏ ဥက္ကဋ္ဌနှင့် အမှုဆောင် အရာရှိချုပ်ဖြစ်သော မစ္စတာဂျွန်ဖရက်ဒရစ် ဘက်ဆားက “ မြန်မာပြည်သူတွေက ကမ္ဘာ့ထိပ်တန်း ဆက်သွယ်ရေး ဝန်ဆောင်မှုတွေ သုံးစွဲဖို့ အဆင်သင့် ဖြစ်နေသလို တယ်လီနော်ကလည်း ဒီလိုဝန်ဆောင်မှုတွေပေးဖို့ အဆင်သင့် ဖြစ်နေပါပြီ”ဟု ပြောကြားသည်။
တယ်လီနော် ကုမ္ပဏီသည် HSPA နှင့် LTE-ready နည်းပညာများကို အသုံးပြု၍ မိုဘိုင်းကွန်ရက်များကို တည်ဆောက် သွားမည်ဖြစ်ပြီး ငါးနှစ်အတွင်း မြန်မာနိုင်ငံ လူဦးရေ၏ ရာခိုင်နှုန်း ၉ဝ ကို ဖြန့်ကြက်သွားမည်ဟု ဆိုသည်။
တယ်လီနော်၏ ကနဦး ဝန်ဆောင်မှုအဖြစ် ဖုန်းဆက်သွယ်ခြင်းနှင့် အင်တာနက် အသုံးပြုခြင်းတို့ကို 2G နှင့် 3G ကွန်ရက်များပေါ်တွင် စတင်ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ပြီး ဖုန်းခေါ်ဆိုမှု အရည်အသွေးနှင့် အင်တာနက်မြန်နှုန်း မြင့်စေရန် အာမခံပေးထားသည်။
တယ်လီနော်သည် ဆက်သွယ်ရေး လိုင်စင်ရရှိအပြီး သုံးနှစ်တွင် အတိုး၊ အခွန်နှင့် အခြားကုန်ကျ စရိတ်များ မနုတ်ရသေးမီ ဝင်ငွေအရင်းကျေရန် မျှော်မှန်းထားပြီး လိုင်စင်ကြေးနှင့် အရင်းမကျေမီအထိ လုပ်ငန်းကုန်ကျစရိတ်များ ပေါင်းထားသည့် အများဆုံး အသုံးစရိတ်မှာ ဒေါ်လာတစ်ဘီလျံ ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
အူရီဒူး ကုမ္ပဏီက မြန်မာနိုင်ငံသားများ လာမည့်ခြောက်လအတွင်း ကောင်းမွန်သော မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုများ ရရှိစေမည် ဖြစ်ကြောင်း ကတိပြု ပြောကြားသည်။ စတင်ဝန်ဆောင်မှု ပေးစဉ်တွင် အဓိကမြို့ကြီးများတွင် စတင်ပေးအပ် သွားမည်ဖြစ်ပြီး ကျေးလက်ဒေသများသို့လည်း အလျင်အမြန် ဆက်လက်ဝန်ဆောင်မှု ပေးသွားမည်ဟု အူရီဒူးက ဆိုသည်။
မကြာခင်လပိုင်း အတွင်းက အူရီဒူုး ကုမ္ပဏီက 3G ကွန်ရက်များကို စတင်ထူထောင်နေပြီဖြစ်ပြီး လာမည့်နှစ်များတွင် 4G ကွန်ရက်ပါ ရရှိစေရန် အဆင့်မြှင့် လုပ်ဆောင်သွားမည်ဟု သိရသည်။
လက်ရှိအချိန်တွင် အဆိုပါ ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများက ၎င်းတို့၏ ဆင်းမ်ကတ်များမှ ဖုန်းခေါ်ဆိုခကို ၂၅ ကျပ် သတ်မှတ်ထားကြောင်း ယခင်သတင်း ထုတ်ပြန်ချက်များအရ သိရသည်။
မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလိုင်စင် လျှောက်ထားမှုသည် စံချိန်တင် မြင့်မားခဲ့ပြီး ကုမ္ပဏီပေါင်း ၉၁ ခုက လျှောက်ထားရန် စိတ်ပါဝင်စားမှုကို ဖော်ပြခဲ့သည်။
လျှောက်ထားရန် အရည်အချင်း ပြည့်မီသည့် ကုမ္ပဏီများထဲမှ နော်ဝေနိုင်ငံ အခြေစိုက် တယ်လီနော် ကုမ္ပဏီနှင့် ကာတာနိုင်ငံ အခြေစိုက် အော်ရီဒူး ကုမ္ပဏီတို့ကို ၂ဝ၁၃ ခုနှစ် ဇွန်လ ၂၇ ရက်က လိုင်စင်ပေးရန် ရွေးချယ်ခဲ့ခြင်းဖြစ်ကာ ၂ဝ၁၃ ဇန်နဝါရီ ၃ဝ တွင် နိုင်ငံလုံးဆိုင်ရာ ဆက်သွယ်ရေး လိုင်စင်ကို သသောတူ လက်မှတ်ရေးထိုးကာ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

Credit To:MMAS

Post a Comment

 
Top