တရုတ်ပြည်သည် ပုံတူကူးသည့်နေရာတွင် နာမည်ကြီးဖြစ်သည်။ ယခုလည်းပုံတူကူးပြန်လေပြီ။ ယခုတစ်ခါမှာ ပုံတူကူးတာက တီထွင်မှုနှင့်ပတ်သက်ပြီး လူတိုင်းပြောစမှတ်ပြုကြရသည့် ဧရာမအမေရိကန်တီထွင်ဖန်တီးရှင် စတီဗင်ပီဂျော့ဘ်စ်ကိုပါတည်း။
iPhone ကဲ့သို့သော ပစ္စည်းများကိုပင် ထုတ်လုပ်သည့်တိုင်းပြည်။ ဒါပေမဲ့ သူကိုယ်နှိုက်က တီထွင်မှုပြုလုပ်သည်ဆိုတာ အင်မတန်ရှားပါးလှသည်။ ထိုတိုင်းပြည်၌ လေကျွင်းဆိုသူ လုပ်ငန်းရှင်၊ ဘီလျံနာနှင့်ဂျော့ဘ်စ်ကို ကိုးကွယ်သူ ပုဂ္ဂိုလ်တစ်ယောက်က သူကိုယ်တိုင်နှင့်သူ့ကုမ္ပဏီအား မစ္စတာဂျော့ဘ်စ်၏ အမွေဆက်ခံသူများသဖွယ် ကျင့်ကြံ နေထိုင်နေသည်။ သူ၏ကုမ္ပဏီအမည်က ရှောင်မီ ဖြစ်၏။ တရုတ်မီဒီယာတို့ကလည်း ထိုကုမ္ပဏီ ကို အရှေ့ Apple ဟု ချစ်စနိုးခေါ်ကြသည်။
ဒီလိုပြောကြတာ မလွန်ပေ။ မစ္စတာလေက မစ္စတာဂျော့ဘ်စ် နေပုံထိုင်ပုံတွေအတိုင်း တစ်သဝေမတိမ်းနေထိုင်နေတာ အမှန်ဖြစ်နေသည်။ မစ္စတာဂျော့ဘ်စ်ကဲ့သို့ ဂျင်းဘောင်းဘီနှင့်အရောင်ရင့်အင်္ကျီများလည်း သူက ဝတ်ဆင်တတ်သေးသည်။ သူက iPhone နှင့် အလွန်တူသည့် မိုဘိုင်းလ် ဖုန်းသန်းပေါင်းများစွာကို ရောင်းချလျက်ရှိနေပြီး၊ တရုတ်နိုင်ငံသားများနှင့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူတွေကတော့ သူ့လုပ်ငန်းကို ယုံယုံကြည်ကြည် လက်ခံအားပေးနေကြသည်။
ဤသို့ပြောရသော်လည်း တကယ် မစ္စတာလေကို အယုံကြည်ဆုံးဖြစ်နေတာက သူကိုယ်တိုင်ပင်။ သူက ဖုန်းသစ်များမိတ်ဆက်မည်တကဲကဲ ရှိနေသူ။ အသစ်အသစ်တွေအကြောင်း ပြောပြီးရင်းပြောနေသူ။
ကျွန်တော်တို့က ပီစီလိုမိုဘိုင်းလ်ဖုန်းကို ပြုလုပ်နေပါတယ်။ ဒါဟာ တကယ့်ကိုမှ စိတ်ကူးသစ်ပါပဲ ဟု မစ္စတာလေကပြောသည်။ ပြောသည့်နေရာက နေရာကျယ်ကျယ်ဝန်းဝန်းရယူထားသည့် အထပ်မြင့်အဆောက်အအုံ တစ်ခုဖြစ်သည့် သူ့ကုမ္ပဏီရုံးခန်းတွင်ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင်ဖြစ်သည်။ တခြားကုမ္ပဏီတွေ အရင်က မလုပ်ဖူးတဲ့ပစ္စည်းမျိုးကို ကျွန်တော်တို့ ပြုလုပ်နေပါတယ် ဟု သူကပြောသည်။
ဒီလိုပြောတော့ စမတ်ဖုန်းဒိတ်ဒိတ်ကြဲတွေဖြစ်သည့် Apple နှင့်Samsung တို့အတွက် အံ့သြစရာတွေဖြစ်ကုန်မလား မပြောတတ်ပေ။ အမှန်က တရုတ်ပြည်တွင် ယမန်နှစ် (၂ဝ၁၃ ခုနှစ်)က ရှောင်မီကုမ္ပဏီက ဒေါ်လာ ၂ ဘီလျံဖိုး ဟန်းဆက်များရောင်းချနိုင်ခဲ့သည်။ တရုတ်ပြည်သည် ကမ္ဘာ့အကြီးဆုံးဟန်းဆက်ဈေးကွက်ဖြစ်သည်။ ထိုနေရာမျိုးတွင် ရှောင်မီက အထက်ပါအတိုင်း လက်သံပြောင်ပြောင်နှင့် ပေါ်ထွက်လာနိုင်ခဲ့သလို ယခုနှစ် (၂ဝ၁၃ ခုနှစ်)တွင် သူ၏ဝင်ငွေ နှစ်ဆတိုးစေရမည်ဟု မျှော်မှန်းထားသည်။
မစ္စတာလေက Apple နှင့် မစ္စတာဂျော့ဘ်စ်အား ပြိုင်ဆိုင်သည့်နေရာ၌ ဘယ်တော့မှ နောက်တွန့်သွားသည်မရှိခဲ့။ သူလည်း တစ်နေ့တွင် သူတို့လို ဘာကြောင့်မဖြစ်ရမလဲ။ ရှောင်မီကုမ္ပဏီကို လွန်ခဲ့သောသုံးနှစ်က တရုတ်အင်ဂျင်နီယာတစ်စုက တည်ထောင်သည်။ i Phone နှင့် ဒီဇိုင်းလည်းတူ၊ လုပ်ဆောင်ချက်လည်းတူအောင် ကူးချထုတ်လုပ်ထားသည့် မိုဘိုင်းလ်ဖုန်း ၇ ဘီလျံကို ရှောင်မီက ယမန်နှစ်က Apple ၏ မာကက်တင်းပုံစံအတိုင်း စီစဉ်လျက် ရောင်းချခဲ့သည်။
ဒီလို တရုတ် Apple ပေါ်လာတာကလည်း တကယ်တော့ အံ့သြစရာမရှိ။ တရုတ်ပြည်က အခြားနိုင်ငံများအတွက် ပစ္စည်းများ တပ်ဆင်ပေးရင်းက ထိုသို့ပစ္စည်းတပ်ဆင်ပေးရုံထက်မက ခြေလှမ်းကျဲလာတာ လူတိုင်းအသိဖြစ်သည်။
သို့သော်လည်း တရုတ်ပြည်၌ တီထွင်သူဆိုတာ ဟုတ်တိပတ်တိမရှိသေး။ အခြားသူများ၏ နည်းပညာကို တရုတ်ဈေးကွက်နှင့် အပ်စပ်အောင် လုပ်နိုင်ရုံသာရှိသေးသည်။
ဒီလိုလူတွေထဲမှာ မစ္စတာလေတို့က ရှေ့မှအပြေးဆုံးဖြစ်နေသည်။ တရုတ်ပြည်တွင် ဘယ်သူမှမလုပ်နိုင်သေးသည့် နှစ်စဉ်ဝင်ငွေဒေါ်လာ တစ်ဘီလျံရောက်သည်အထိ မစ္စတာလေတို့က ရှာပြလိုက်တော့ သူ့ကို အထင်ကြီးလေးစားသူတွေ ဝိုင်းဝိုင်းလည်သွားသည်။ ထိုပမာဏကို တရုတ်ပြည်တွင် ရှာဖွေဖို့ Amazon ကုမ္ပဏီပင် ငါးနှစ်ကြာ ရုန်းကန်ခဲ့ရသည်။
ဘာကြောင့် သူတို့ ဒီလောက် အောင်မြင်ရသလဲ။
ကောလိပ်ပညာတတ်လူငယ်တွေနှင့် အဆင်ပြေအောင် ဖန်တီးပေးထားသောကြောင့်ဖြစ်သည်။ အထူးသဖြင့် စမတ်ဖုန်းကိုင်ချင်သော်လည်း ပိုက်ဆံမတတ်နိုင်သည့် ကောလိပ်ပညာတတ်လူငယ်ကလေးများ၏ စိတ်ကို ကောင်းစွာနားလည်ခံစားပြီး၊ သူတို့အတွက်ပစ္စည်းများကို ထုတ်လုပ်ပေးထားတာကြောင့်ပါတည်း။ ထို့ကြောင့် ယခုလိုအောင်မြင်တာပင်။ ယခုအချိန်တွင် သူ၏ကုမ္ပဏီက ဒေါ်လာ ၄ ဘီလျံမျှ တန်ဖိုးရှိနေပြီ။
ဒါပေမဲ့ မစ္စတာလေက သူ၏ပုဂ္ဂိုလ်ရေးကိစ္စများကို ထုတ်ဖော်ပြောခဲ့သူဖြစ်သဖြင့် သူ့အကြောင်းကို ဂဃနဏ မသိကြရ။ သို့သော် တရုတ် Twitter ဟုခေါ်ကြသည့် ဆိနာဝေပို (Sina Weibo) ဆိုရှယ်ကွန်ရက်ဝက်ဘ်ဆိုက်တွင် သူ့ကို ထောက်ခံသူပေါင်း ငါးသန်းကျော်ရှိနေပြီး၊ နည်းပညာလောက၌ ထင်ရှားသူတစ်ဦးအဖြစ် နေရာပေးခံနေရပြီ။
သူက ဝူဟန်မြို့တွင် လူလားမြောက်လာခဲ့သည်။ ဝူဟန်တက္ကသိုလ် တွင် ကွန်ပျူတာဆိုင်းယင့်စ်ဘာသာရပ်ဖြင့် ပညာရှာမှီးခဲ့သည်။ ၁၉၈၇ ခုနှစ် သူ ကောလိပ်ကျောင်းတက်နေစဉ် မစ္စတာဂျော့ဘ်စ်အကြောင်းရေး သားထားသောစာအုပ်တစ်အုပ်အားဖတ်ရှုမိရာက ပုဂ္ဂိုလ်ခင်၍ တရားမင် ကာ မစ္စတာဂျော့ဘ်စ်လုပ်ပုံကိုင်ပုံတွေအတိုင်း လိုက်၍လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်တော့သည်။
အဲဒီစာအုပ်က ကျွန်တော့်ကို အကြီးအကျယ်ပြောင်းလဲစေခဲ့တာပါ။ အဲဒီစာအုပ်ကြောင့် ကျွန်တော် ထိပ်တန်းကုမ္ပဏီတစ်ခုတည်ထောင်ချင် စိတ်ပေါက်သွားတယ်။ ဒါနဲ့ပဲ ငါကောလိပ်ကျောင်းက မြန်မြန်ပြီးအောင်လုပ် မယ်ဆိုပြီး ကျွန်တော် စိတ်ပိုင်းဖြတ်လိုက်တယ် ဟု မစ္စတာလေကပြောသည်။ နှစ်နှစ်နှင့်ကျောင်းစာကိုပြတ်အောင် ကြိုးစားလိုက်သည်။ ပြီးတော့ Kingsoft ဆိုသည့် တရုတ်ဆော့ဖ်ဝဲကုမ္ပဏီတွင် အလုပ်ဝင်သည်။ ဈေးကွက် တင်အတတ်ပညာတွင် ထူးချွန်တာကြောင့် ကုမ္ပဏီလူကြီးအဆင့်သို့ ထိုးဖောက်ဝင်ရောက်နိုင်ကာ၊ ၁၉၉၈ခုနှစ်တွင် ကုမ္ပဏီ၏ အမှုဆောင်ချုပ်ဖြစ်လာခဲ့သည်။ Kingsoft တွင် အလုပ်လုပ်ကိုင်နေစဉ်မှာပင် Joyo.com ကို တည်ထောင်ခဲ့ရုံမက ကုမ္ပဏီဒါဇင်ပေါင်းများစွာအတွက် ကယ်တင်ရှင် ရင်း နှီးမြှုပ်နှံသူ အဖြစ်ဆောင်ရွက်ခဲ့သေးသည်။
ထို့နောက်ကနဦးရင်းနှီးမြှုပ်နှံမှု ဒေါ်လာ၄၁သန်းနှင့် ရှောင်မီကုမ္ပဏီကို အခြားအင်ဂျင်နီယာ ၆ ဦးနှင့်အတူ ပူးတွဲတည်ထောင်ခဲ့သည်။ ဦးစွာကုမ္ပဏီ ရုံးခန်းကလေးကို ပေကျင်းမြို့စွန်တွင် ဖွင့်လှစ်ခဲ့ကာ၊ ဆော့ဖ်ဝဲပလက်ဖောင်းတစ်ခု ဖန်တီးလျက် ၂ဝ၁ဝ ခုနှစ်တွင် ကုမ္ပဏီလုပ်ငန်းကို စတင်ဆောင်ရွက်သည်။ သူတို့ဖန်တီးသော ဖုန်းဆော့ဖ်ဝဲက Google ၏ Andriod ဆော့ဖ်ဝဲကို အခြေခံသောဆော့ဖ်ဝဲပင်။ ပြီးတော့ Qualcomm,Broadcom နှင့် Foxconn တို့အပါအဝင် Apple အတွက် ပစ္စည်းထုတ်လုပ်ပေးနေသော ကုမ္ပဏီများကို မရရအောင်လိုက်ရှာသည်။
၂ဝ၁၁ခုနှစ်၊ သြဂုတ်လတွင် ရှောင်မီ၏ပထမဆုံးစမတ်ဖုန်း Mi-1 ကို မိတ်ဆက်နိုင်ခဲ့ပြီး၊ ၂ ရက်အတွင်း ပြိုက်ခနဲ ရောင်းကုန် သွားသည်။ နောက် ဖုန်းသစ် Mi-1 ကို ပြီးခဲ့သည့်(၂ဝ၁၃ခုနှစ်)သြဂုတ်တွင် ထုတ်ရောင်းခဲ့ရာ ချက်ချင်းကုန်ပြန်သည်။ ထို့ကြောင့် သုံးသပ်သူများက ရှောင်မီသည် မစို့ မပို့ဈေးကွက်တင်နည်း ဖြင့် ပွဲဆူအောင်လုပ်နေသည်ဟု ပြောခဲ့ကြသည်။
ရှောင်မီက စရိတ်လျှော့ချပုံကလည်း တစ်မျိုးထူးခြားသည်ဟုဆိုရမည်။ တစ်ဆင့်ခံရောင်းချသူများ၊ ဖြန့်ချိသူများကို ဖယ်ရှားကာ၊ အင်တာနက်မှ တိုက်ရိုက်ရောင်းချသည့်နည်းကို အသုံးချသည်။ ဒီနည်းက တရုတ်ပြည်မှာတော့ ထူးခြားသည့် ဈေးကွက်တင်နည်းမဟုတ်ပါလေ။ သို့သော် ထိုဈေးကွက် တင်နည်းကြောင့် ရှောင်မီက သူ၏စမတ်ဖုန်းများကို iPhone(သို့မဟုတ်)Samsung ၏Galaxy ဖုန်းများထက် ထက်ဝက်နည်းသည့် ဈေးဖြင့်ရောင်းချနိုင်သည်။
ယခုနှစ်(၂ဝ၁၃ခုနှစ်)အတွင်း ဖုန်း၁၅သန်းရောင်းချနိုင်ရမည်ဟု မစ္စတာလေက သူ့ကုမ္ပဏီကို အားမာန်သွင်းပေးနေသည်။ Apple ကဲ့သို့ပင် ရှောင်မီကလည်း တယ်လီဗီးရှင်းကို ထုတ်လုပ်ရန်ကြံရွယ်လျက်ရှိသည်။
ယခုဒေါ်လာ ၁ ဒသမ၇ဘီလျံ ချမ်းသာနေပြီဖြစ်သည့် မစ္စတာလေကို Forbes မဂ္ဂဇင်းက တရုတ်ပြည်၏ ကြွယ်ဝဆုံး လုပ်ငန်းရှင်စာရင်းထဲမှာ ထည့်ထားသည်။
လွန်ခဲ့သော ဆယ်နှစ်အတွင်း ဒေါ်လာဘီလျံပေါင်းများစွာတန်ဖိုးရှိသော ကုမ္ပဏီကလေးများထူထောင်ရာတွင်လည်း လက်စလက်န ပါဝင်ခဲ့ပြီးပြီဆိုတော့ မစ္စတာလေတို့က နည်းနည်းတော့ မာန်ကြီးသည်လေ။
ကျွန်တော်တို့က ခပ်ညံ့ညံ့ဖုန်းထုတ်တဲ့ ခပ်ညံ့ညံ့တရုတ်ကုမ္ပဏီတော့မဟုတ်ဘူး။ မကြာခင်မှာ fortune ၅ဝဝ (Fortune မဂ္ဂဇင်းက သတ်မှတ်သော ကမ္ဘာ့အကြီးဆုံးကုမ္ပဏီ ၅ဝဝ) စာရင်းဝင်ကုမ္ပဏီဖြစ်တော့မယ့်ကုမ္ပဏီပါ ဟု မစ္စတာလေကပြောသည်။
ယခုဆောင်းပါးကို ပဲ့တင်သံဂျာနယ်မှ ကူးယူဖော်ပြပါသည်။



Post a Comment

 
Top