ကျေးလက်နေပြည်သူများနှင့် ဝန်ထမ်းများအတွက် ရောင်းချပေး ထားသောGSM ကျပ်နှစ်သိန်းတန်အရစ်ကျဖုန်းများ၏ စာချုပ်ကို သက်ဆိုင်ရာမြို့နယ် ဆက်သွယ်ရေးရုံးများတွင် ထုတ်ယူနိုင်ပြီ ဖြစ်ကြောင်း ဆက်သွယ်ရေး မန်နေဂျာရုံးထံမှ စုံစမ်းသိရသည်။ မြို့နယ်ဆက်သွယ်ရေးရုံးများတွင် အရစ်ကျဖုန်းများအတွက် ပထမအကြိမ် ကျပ်လေးသောင်းပေးချေစဉ်က ဆင်းမ်ကတ် လက်ခံရရှိခဲ့သော ပြေစာပြကာ စာချုပ်များကို ထုတ်ယူနိုင်ကြောင်း ပဲခူးတိုင်းမန်နေဂျာရုံးက လက်ထောက်မန်နေဂျာက အတည်ပြု ပြောဆိုသည်။
လက်ရှိတွင် ကျပ်နှစ်သိန်းတန် GSM ဖုန်းသည် စာရွက်စာတမ်း အပြည့်အစုံပါ ပါက ပေါက်ဈေး ကျပ်နှစ်သိန်း၊ အရစ်ကျ ဖုန်းများမှာ ကျပ်တစ်သိန်းခုနစ်သောင်း၊ ၁၅၀၀ တန် CDMA 800 MHz ဖုန်းများမှာ ကျပ်ခြောက်သောင်းခွဲ ဝန်းကျင် ဈေးပေါက်ကြောင်း ဖုန်းအရောင်းအဝယ် ဈေးကွက်အတွင်း စုံစမ်းသိရှိရသည်။
“နှစ်သိန်းဖုန်းတွေ အရောင်းအဝယ် သွက်နေတယ်၊ လားရှိုး၊ မူဆယ်၊ ရန်ကုန်၊ မန္တလေးဘက်က လာသိမ်းနေတယ်၊ လက်ငင်း ဝယ်တဲ့ ဖုန်းက နှစ်သိန်းပေါက်တယ်၊ ၁၅၀၀ တန်တွေက ခြောက်သောင်းခွဲ ပေါက်ပေမယ့် ပစ္စည်းရှားနေတယ်” ဟု ဖုန်းဝယ်ရောင်း ပွဲစားတစ်ဦးက ဆိုသည်။
၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ ကျေးလက်နေပြည်သူများနှင့် ဝန်ထမ်းများသို့ အစိုးရက ချထားပေးခဲ့သော အရစ်ကျဖုန်းများသည် ၁၅၀၀ ကျပ်တန် တန်ဖိုးနည်းဖုန်းများ ချထားပေးခဲ့သည့် ၂၀၁၃ ခုနှစ် ဧပြီလမှ စတင်ပြီး အရစ်ကျ ငွေပေးသွင်းရန် မလိုတော့ကြောင်း တိုင်းမန်နေဂျာရုံးထံမှ သိရသည်။
Ref & Credit to The Voice Weekly
http://www.myanmarmobileapp.com

Post a Comment

 
Top