ဒါလေး ရေးမယ် ဆိုတော့ ဘာခေါင်စဉ်ပေးရမလဲ မသိတာ့နဲ့ စိတ်ထဲ ပေါ်လာသလိုလေးပဲ ပေးလိုက်ပါတယ်။တစ်ခုတော့ ရှိပါတယ်။ စာဖတ်သူဟာ Android နဲ့ ပတ်သက်ပြီး Root ဖောက်တတ်ချင်ရုံ သက်သက် လေ့လာချင်တာ ဆိုရင် တော့
ဒါကို မဖတ်ပါနဲ့။ စာဖတ်သူအတွက် ပျင်းစရာကြီး ဖြစ်နေပါမယ်။ ဘာရယ်၊ညာရယ်လည်း မဟုတ်ပါဘူး။ ဟိုတစ်နေ့ကမှ စာတွေ ပြန်ဖတ်ရင်းနဲ့ ဒါလေးကို ရေးမလားဆိုပြီး စဉ်းစားမိရာကနေ Wikipedia ပေါ်ကို တစ်ခေါက် အလည်ရောက်သွားရင် ကိုယ်နားလည်သလိုလေးတွေ ချရေးထားလိုက်တာပါ။
ပထမဦးဆုံးသော Android OSအဖြစ် Android beta ကို November 5 ရက်နေ့ 2007 မှာ စတင်ဖန်တီးခဲ့ကြပါတယ်။ ဆိုလိုရရင် Android ဆိုတဲ့မျိုးဆက်ဟာ ၂၀၀၇ ခုနှစ် နိုဗင်မာ ၅ရက်နေ့မှာ မွေးဖွားလာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ကြားထဲမှာ Modify ပြုလုပ်ခဲ့ကြတာ ၆မျိုးရှိပါတယ်။ ဘာတွေလဲဆိုတော့
-m3-rc22a
-m3-rc7a
-m5-rc14
-m5-rc15
-android 0.9
-android 1.0-r1
စတာတွေပဲ ဖြစ်ပါတယ်။ ဒါထက်ပိုပြီး အသေးစိတ်သိချင်လျှင်တော့ Wikipedia မှာ ရှာကြည့်နိုင်ပါတယ်။ ကျွန်တော်လည်း အဲဒီကနေ ရှာဖတ်ပြီး ပြန်ရေးတာပါပဲ။ beta ဆိုတာ အစမ်းပါ။ စမ်းသပ်ထုတ်ဝေတဲ့အဆင့်ပဲ ရှိသေးတာပါ။ User တွေအတွက် တရားဝင်ထုတ်လုပ်ပေးတာ မဟုတ်ပါဘူး။
အမှန်တကယ် User သုံးအနေနဲ့ တရားဝင်ထုတ်တာတွေကတော့
၁။Android 1.0 (API level 1) ဆိုတာကတော့ ပထမဦးဆုံး Commercial version အနေနဲ့ ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့မှာ ထုတ်ခဲ့ပါတယ်။ HTC Dream ဆိုတဲ့ဖုန်းမှာ အသုံးပြုပြီး ထုတ်ခဲ့တာပါ။

၂။ Android 1.1 (API level 2) ကိုတော့ အပေါ်က ဆိုခဲ့တဲ့ HTC Dream မှာ သုံးထားတဲ့ 1.1 အတွက် update အနေနဲ့ ၂၀၀၉ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ  ချပေးခဲ့ပါတယ်။ Android 1.1 ကိုတော့ Petit Four လို့ လူသိများခဲ့ပါတယ်။

၃။ Android 1.5 (API level 3) ကိုတော့ ၂၀၀၉ခုနှစ် ဧပရယ်လ ၃၀ရက်နေ့မှာ စတင်လို့ Linux kernel 2.6.27 ပေါ်ကို အခြေတည်ပြီး ထုတ်လုပ်ပေးခဲ့ပါတယ်။ Android 1.5 ကိုတော့ Cupcake လို့ နာမည်ပေးခဲ့ကြပါတယ်။

 ၄။Android 1.6 (API level 4) ကိုတော့ ၂၀၀၉ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့မှာ Linux kernel 2.6.29 ကို အခြေခံပြီး ဖန်တီးခဲ့ကြပါတယ်။ Dubbed Donut လို့ နာမည်ပေးခဲ့ကြပေမယ့် အလွယ်ပဲ Donut လို့သာ ခေါ်ဝေါ်ခဲ့ကြပါတယ်။

 ၅။Android 2.0 (API level 5) ကိုတော့ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၂၆ရက်နေ့တွင် Linux kernel 2.6.29 ပေါ်တွင် အခြေခံကာ Eclair ဆိုတဲ့ နာမည်နဲ့ ဖြန့်ဝေခဲ့ကြပါတယ်။ ထိုနောက်တွင် Android 2.0.1 (API level 6), Android 2.1 (API level 7) တို့ကို Update အနေနဲ့ ထပ်မံ ဖြန့်ဖြူးပေးခဲ့ပါတယ်။

၆။ Android 2.2 (API level 8) ကိုတော့ ၂၀၁၀ ခုနှစ် မေလ ၂၀ ရက်နေ့တွင် Froyo ဟူသော အမည်ဖြင့် Linux kernel 2.6.35 ကို အခြေခံကာ ထုတ်လုပ်ခဲ့ပြီး နောက်ပိုင်းတွင် Android 2.2.3 အထိ update အနေဖြင့် ဖြန့်ဝေခဲ့ကြပါတယ်။

၇။Android 2.3 (API level 9) ကို ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် Linux kernel 2.6.35 ကို အခြေခံကာGingerbread အမည်ဖြင့် ထုတ်လုပ်ပေးခဲ့ပြီး နောက်ပိုင်း 2.3.7 (API level 10) အထိ update များ ဖြန့်ဝေပေးခဲ့ပါတယ်။

၈။Android 3.0 (API level 11) ကို ၂၀၁၁ခုနှစ် ဖေဖော်ဝါရီလ ၂၂ရက်နေ့တွင် Linux kernel 2.6.36 ပေါ်တွင် အခြေခံကာ Motorola Xoom Tabletတွင် ထည့်သွင်းပြီး Tablet သုံးအတွက် စတင် ထုတ်လုပ်ခဲ့ပါတယ်။ နောက်ပိုင်း Android 3.1 (API level 12) , Android 3.2 (API level 13)အထိ update လုပ်ပေးခဲ့ပြီး Honeycomb လို့ အမည်ပေးခဲ့ကြပါတယ်။

၉။Android 4.0 (API level 14) ကိုတော့ Linux kernel 3.0.1 ကို အခြေခံပြီး ၂၀၁၁ခုနှစ် အောက်တိုဘာ ၁၉ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့ပါတယ်။ 4.0.2(IPA level 14) အထိ ထွက်ရှိခဲ့ပြီး နောက်ပိုင်း 4.0.3---4.0.4(API level 15) အထိ ထွက်ရှိခဲ့ကာ Ice Cream Sandwich ဟူ၍ ခေါ်ဆိုခဲ့ကြပါတယ်။

၁၀။Android 4.1 (API level 16) ကို Nexus 7 တွင် စတင် အသုံးပြုခဲ့ပြီး Jelly Bean အမည်ဖြင့် Linux kernel 3.0.31 ကို အခြေခံကာ ၂၀၁၂ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် စတင်ဖြန့်ဖြူးခဲ့ပါတယ်။ ယခု နောက်ဆုံး version update အနေဖြင့် 4.2 (API level 17) ကိုတော့ ၂၀၁၂ ခုနှစ် အောက်တိုဘလ ၂၉ တွင် စတင် ထုတ်လုပ်ခဲ့ပါတယ်။
အပေါ်မှာ ဆိုခဲ့တဲ့ API  ဆိုတာက Application Programming Interface ကို ပြောတာနော်။
ဒါတွေကို ဘာလို့ ရေးသလဲ ဆိုတော့ အတော်များများ မသိကြတာကို တွေ့နေရလို့ပါ။ Android ကို လေ့လာနေပြီး ဘာကြောင့် ics လို့ ခေါ်သလဲ။ ဘယ် version ကို jelly bean လို့ ခေါ်သလဲ ဆိုတာလေးတော့ သိထားသင့်တယ် ထင်လို့ ဒါလေးကို ရေးဖြစ်သွားတာပါ။ အဲ..ရေးတာ မဟုတ်ဘူး။ ဘာသာပြန်တယ် ဆိုပါတော့နော်။ ဘာပဲ ဖြစ်ဖြစ် လူတိုင်းအတွက် အသုံးမတည့်ရင်တောင် တစ်ဦးတစ်ယောက်အတွက် အဆင်ပြေတယ် ဆိုရင်ကိုပဲ ကျေနပ်ပါပြီဗျာ။



ရေးသားသူ  HAN LAY (COA)

Post a Comment

 
Top