Microsoft သည် တစ်လလျှင် တစ်ကြိမ်သာ အားသွင်းရန် လိုအပ်သည့် Nokia ၏ နောက်ဆုံးပေါ် ဟန်းဆက်တစ်မျိုးကို မိတ်ဆက်ပေးခဲ့သည်။
Nokia 215 ဟုခေါ်သည့် အဆိုပါဟန်းဆက်ကို ၂၉ ဒေါ်လာဖြင့် ရောင်းချရန် စီစဉ်ထားပြီး ၎င်းသည် ကုမ္ပဏီ၏ ဈေးအသက်သာဆုံး အင်တာနက်သုံးနိုင်သည့် entry-level ဖုန်းဖြစ်ကြောင်း Microsoft က ပြောကြားခဲ့သည်။ ထို့အပြင် ၎င်းဟန်းဆက်သည် ပထမဦးဆုံး မိုဘိုင်းဖုန်း ဝယ်ယူသူများနှင့် ဒုတိယ ဦးစားပေး ဖုန်းတစ်မျိုးအဖြစ် အသုံးပြုလိုသူများ အတွက် အသင့်တော်ဆုံးဖြစ်ကြောင်း Microsoft မှ ဆိုခဲ့သည်။
Nokia 215 တွင် အသုံးပြုနိုင်သည့် app များ ကန့်သတ်ချက်ရှိသော်လည်း Facebook နှင့် Twitter အပြင် web browser တစ်ခုကို ထည့်သွင်းပေးထားသည်။ သို့ရာတွင် အဆိုပါဟန်းဆက်ကို 3G ဖြင့် အသုံးပြုနိုင်မည် မဟုတ်ပေ။
Nokia 215 ကို single-SIM နှင့် dual-SIM ဟူ၍ အမျိုးအစား နှစ်မျိုးဖြင့် ရရှိနိုင်မည် ဖြစ်သည်။
Single-SIM အမျိုးအစားတွင် stand-by ဖြင့် သုံးပါက ဘက်ထရီကို ၂၉ ရက်ခန့် အသုံးပြုနိုင်ပြီး dual-SIM ဗားရှင်းကို ၂၁ ရက်အကြာ အသုံးပြုနိုင်မည် ဖြစ်သည်။ ဖုန်းပြောရာတွင် နာရီ ၂၀ ခန့် အသုံးပြုနိုင်မည်ဟု Microsoft က ပြောကြားခဲ့သည်။
MSN Weather ကို အသုံးပြုနိုင်မည့် Nokia 215 တွင် Bluetooth ကို ထောက်ပံ့ပေးထားသောကြောင့် နားကြပ် သို့မဟုတ် စပီကာဖြင့် ချိတ်ဆက်နိုင်သည်။ Nokia ၏ SLAM နည်းပညာကြောင့် SLAM စနစ်ပါဝင်သည့် ထုတ်ကုန်နှစ်ခုအကြား ဖိုင်များကို ပေးပို့/လက်ခံ နိုင်မည် ဖြစ်သည်။
Nokia 215 ကို အစိမ်း၊ အနက်၊ အဖြူရောင်များဖြင့် ရရှိနိုင်ပြီး ၂၀၁၅ ခုနှစ် ပထမ သုံးလပတ်တွင် အရှေ့အလယ်ပိုင်း၊ အာဖရိက၊ အာရှနှင့် ဥရောပတို့၌ စတင်ရောင်းချသွားမည်ဟု သိရသည်။

Ref: DailyMail

Post a Comment

 
Top